Wednesday, September 11, 2013

အချိန်မရွေး ကြုံတွေ့နိုင်သော ......

3 comments
ဒီနေ့ အဖေဆုံးတာ ၂၄ နှစ် ပြည့်ခဲ့ပြီ။

ငယ်ငယ်တုန်းက အကြောင်းတွေကို တချို့လူတွေက မှတ်မှတ်ရရ ရှိနေတတ်တယ်။ တစ်ယောက်နဲ့တစ်ယောက် မှတ်မိတဲ့အချိန်ကာလတွေ တူချင်မှတူကြမှာပါ။ တချို့က မိခင်ဝမ်းဗိုက်ထဲမှာ ဘယ်လိုနေခဲ့ရသလဲဆိုတာ မှတ်မိတဲ့သူတောင်ရှိခဲ့ကြတယ်။ မှတ်မှတ်ရရရှိနေရခြင်းမှာ အရမ်းပျော်ရွှင်ရတဲ့အချိန် ၊ အရမ်းဝမ်းနည်းရတဲ့အချိန်တွေက ကလေးတွေရဲ့ရင်ထဲမှာ စွဲမြဲစွာကျန်နေခဲ့တာပါ။ ကျမကတော့ အဖေရှိနေတဲ့အချိန်မှာ အဖေဘက်ကမိသားစု ဆွေမျိုးတွေနဲ့ ဟီးနိုးကားငှါးပြီး ခရီးသွားကြတယ် ၊ ဟီးနိုးကားထဲမှာ အိမ်သာလဲပါတယ်။ အိမ်သာပါတာ မှတ်မိနေရခြင်းက နောက်ပိုင်းကြီးလာတော့ ဟီးနိုးကားတွေမှာ အိမ်သာမပါတော့ဘူး။ နောက်တခုက အမေရဲ့ဆံပင်ကောက်ခြင်းကိုခံလိုက်ရတယ်။ မကောက်ချင်တာကို ကောက်ခံလိုက်ရလို့ မှတ်မိနေတာပါ။ ခု ဓာတ်ပုံပြန်ကြည့်တော့လဲ ချစ်စရာကောင်းသားဘဲ။ ဘယ်အရွယ်လဲဆိုတာ အမေကိုပြန်မေးမှဘဲ သိရလိမ့်မယ်။

ကျွန်မ ၁တန်းတက်နေတဲ့အချိန်မှာ အဖေဆုံးခဲ့တာပါ။ အဖေဆုံးတော့ ကျွန်မ ကျောင်းမတက်ရဘူး ၊ ခွင့်တိုင်ထားလို့ ၊ အတန်းပိုင်ဆရာမ အိမ်လာပြီးမေးတယ်။ အဲဒါဘဲ မှတ်မိတယ်။ အဖေ နေမကောင်းလို့ဆရာဝန်ပြနေတာကို ရေးတေးတေးဘဲမှတ်မိတယ်။ ဘယ်အချိန်နိုင်ငံခြားကို ဆေးထွက်ကုမှန်းတောင်မသိဘူး။ ညတိုင်းတော့ ဖုန်းခေါ်တယ်။ အဲဒီအချိန်ကနိုင်ငံခြားဖုန်းခေါ်ရင်တိုက်ရိုက်ခေါ်လို့ မရဘူး ၊ အိတ်ချိန်းကိုဖုန်းဆက်ပြီးမှ ကိုယ်ခေါ်ချင်တဲ့ နံပတ်ကိုပေး။ အကြာကြီးစောင့်ရတယ်။ အိတ်ချိန်းက ပြန်ခေါ်ပေးမှ ပြောလို့ရတယ်။ အမေက ကျွန်မတို့မောင်နှမကို စောင့်ရှောက်ရမယ်ဆိုတော့ အမေမပါသွားဘူး။ အဖေ့ညီ ( ကျွန်မရဲ့ဦးလေး ) တစ်ယောက်တော့ လိုက်သွားတယ်။ အဖေမရှိတော့ပေမဲ့ အဖေ့ရဲ့ပုံရိပ်တွေ ၊ မျက်နှာက အစ ကျွန်မခုထက်ထိ မှတ်မိနေသေးတယ်။ ကျွန်မ ငိုရင်လဲ ကျွန်မကို အမြဲချီပြီးချော့နေကျပါ။ အမြဲချီနေပေမဲ့ နောက်ဆုံးတခါဘဲမှတ်မိတယ်။ အဲဒီတုန်းက အဖေ နေမကောင်းဖြစ်နေတဲ့အချိန် ၊ ကျွန်မက ငယ်ငယ်တည်းကနေ ခုထက်ထိ အိမ်ထဲမှာ နဲနဲတော့ အငိုသန်တယ်။ အဖေက နေမကောင်းဖြစ်နေပေမဲ့လဲ ကျွန်မကိုချီပြီး ချော့ခဲ့တယ်။ အဖေ့ရင်ခွင်ထဲမှာရှိနေခဲ့တာ အဲဒါ နောက်ဆုံးအကြိမ်ဘဲ။ အဖေတွေအတော်များများ သမီးဆိုရင် အရမ်းချစ်ကြပါတယ်။ ကျမမှတ်မိတဲ့ အပိုင်းအစလေးတွေပါ ၊ အဖေရှိတုန်းက ကျွန်မ စာတော်တယ် ၊ အဖေက စာသင်ပေးတာကိုး။ အဖေမရှိတော့တဲ့နောက်ပိုင်း ကျွန်မက ချာတူးလန်ဘဲ။ အကိုကတော့ ဘယ်သောအခါမှ ချာတူးမလန်ခဲ့ဖူးဘူး။ စာသိပ်တော်တဲ့ အကိုပါဘဲ။ အကိုကြီးတော့ အဖရာတဲ့။ ကျွန်မရဲ့ စံပြအကိုပါဘဲ။ အကို့ခြေရာ မနင်းနိုင်ခဲ့တာတော့ ကျွန်မတော်တော်ညံ့နေတာဘဲလားမသိဘူး။

အဖေ ဆေးသွားကုချိန်မှာ ကာယကံရှင် အဖေကိုယ်တိုင်က ယုံကြည်တက်ကြွစွာနဲ့သွားကုခဲ့တယ် ၊ ဆရာဝန်ကြီးတွေကလဲ ကြိုးကြိုးစားစားတော့ ခွဲစိတ်ပေးခဲ့ကြတယ်။ ဘယ်တစ်နေရာမှာ လွတ်ဟာနေခဲ့ပါလိမ့် ၊ အဖေ သတိပြန်မရလာခဲ့တော့ဘူး။ ဆရာဝန်ကြီးတွေအားလုံး အဖေ့ကို ရက်၂၀ တိတိ စောင့်နေခဲ့ကြတယ်။ နောက်ဆုံးတော့ ဦးလေးရယ် ၊ အဖေ့ရဲ့အရိုးအိုးလေးနဲ့ဓာတ်ပုံစာအုပ်နှစ်အုပ်ဘဲ ပြန်ပါလာတယ်။

ဓာတ်ပုံစာအုပ်နှစ်အုပ်လုံးကို ကျွန်မသိပ်ငယ်လွန်းသေးတော့ လူကြီးတွေအားလုံးက ပေးမကြည့်ခဲ့ဘူး။ လူကြီးတွေအားလုံးတော့ကြည့်ခဲ့ကြတယ်။ ပြီးတော့ အမေက အံဆွဲထဲမှာ သော့ခတ်သိမ်းထားလိုက်တယ်နဲ့ တူပါရဲ့။ အံဆွဲက သုံးထပ်ရှိတာ ၊ အလယ်ကအထပ်ကဘယ်တော့မှပွင့်မနေခဲ့ဘူး။ ဒါပေမဲ့ ကျွန်မရဲ့အကိုက ဘယ်တုန်းကတည်းက ကြည့်ခွင့်ရခဲ့လဲတော့ ကျွန်မမသိခဲ့ဘူး။ အဲဒီ ဒုတိယ အံဆွဲက ကျွန်မအကိုရဲ့ ဆုလက်မှတ်တွေ ၊ ဆုတံဆိပ်တွေ ထားထားတဲ့နေရာ။ ကျွန်မ ဦးလေးအိမ်မှာ သွားကစားတော့ ဦးလေးဆီမှာလဲ အဖေ့ဓာတ်ပုံတွေရှိပုံရတယ် ၊ ကျွန်မ ဓာတ်ပုံစာအုပ်တစ်အုပ်ကို ကောက်ယူလိုက်တဲ့အချိန်မှာ ကျွန်မ ဦးလေးရဲ့ဇနီး ၊ အဒေါ်ကမြင်သွားပြီး အထိတ်တလန့်နဲ့မကြည့်ရဘူးဆိုပြီး ကျွန်မလက်ထဲကနေ ပြန်ယူသွားလေရဲ့။ ကျွန်မ မကြည့်ခဲ့ရပြန်ဘူး။ ကလေးဆိုတော့ နောက်တော့လဲ ဓာတ်ပုံစာအုပ်ကို မေ့မေ့ပျောက်ပျောက်ဘဲ။

အဖေဆုံးသွားတော့ အမေက ငယ်ငယ်လေးရယ် ၊ အမေရဲ့ ရွှေတောင်ကြီးပြိုကျသွားတယ် ၊ ကလေးနှစ်ယောက်ကလဲ အမေ့ခေါင်းပေါ်ရောက်သွားတယ်။ အမေ့တူမလေး ( ကျွန်မထက် ၁၁နှစ်ကြီးတဲ့အမဝမ်းကွဲ ) အိမ်မှာလာနေပေးတယ် ၊ အမေ့ကိုကူရင်း ကျွန်မတို့မောင်နှမနှစ်ယောက်ကို စောင့်ရှောက်ခဲ့တယ်။ အမေတော်တော်လေးနေမကောင်းဖြစ်လိုက်သေးတယ်။ ဘာမှစားမဝင်ဘူးထင်ပါရဲ့ ၊ အမေမူးလဲသလိုဖြစ်သွားလို့ အိမ်နားက ဆရာဝန်ကို အမြန်ပင့်ရသေးတယ် ၊ ပရက်ရှာချိန်လိုက်တော့ သုညတဲ့။ ကလေးနှစ်ယောက်ကို လူ့လောကအလယ်မှာ မျက်စိသူငယ် နားသူငယ်နဲ့ မချန်ထားရက်တဲ့အမေ ချက်ချင်းအားတင်းလိုက်ပုံရတယ် ၊ ပရက်ရှာနဲနဲပြန်တက်လာသလို ဆရာဝန်လဲဆေးထိုး ၊ ဒရစ်ချိတ်ပေးခဲ့တယ်။ ဒီ နောက်မှာတော့ အမေက ကလေးနှစ်ယောက်ရှေ့ရေးအတွက် စီးပွါးရေးလုပ်ရ ၊ ကလေးနှစ်ယောက်ကို ထိန်းရ ၊ အမေတော်တော် ပင်ပန်းခဲ့မှာဘဲနော်။

အမေသော့ခတ်ထားတဲ့ အံဆွဲလေးက ဘယ်အချိန်မှာ ပွင့်မလဲလို့ ကျွန်မမျှော်လင့်ခဲ့တာ အကြိမ်ကြိမ်ပါဘဲ။ ကျွန်မ ရှစ်တန်းရောက်တဲ့နှစ်မှ အမေသော့သိမ်းထားတဲ့နေရာတွေ့တယ်။ ဒုတိယထပ်ရဲ့ အံဆွဲကို ဘယ်သူမှမရှိတုန်း ကျွန်မဖွင့်ခဲ့တယ်။ အဖေ့ရဲ့ဓာတ်ပုံစာအုပ်ကို ကျွန်မရှာနေခဲ့တာ ၊ အကိုရဲ့ ဆုတံဆိပ် ၊ စာရွက်တွေရဲ့ ဟိုးအနောက်ဘက် ဗူးတွေကြားထဲမှာ ဓာတ်ပုံစာအုပ်နှစ်အုပ်ကို ကျွန်မတွေ့ခဲ့တယ်။ မမြင်ရတာ ကြာနေပြီဖြစ်တဲ့ အဖေ့ပုံကိုကြည့်ဖို့ ကျွန်မလက်က တွန့်ဆုတ်နေခဲ့တယ်။ ပထမတစ်အုပ်ကို ဖွင့်ကြည့်တော့ ဦးလေးအလုပ်ရှုပ်နေပုံကိုမြင်တယ် ၊ သေသေချာချာထပ်ကြည့်တော့ ဘုန်းကြီးတွေမြင်တယ်။ တစ်ရွက်ချင်းလှန်ရင်းနဲ့ အဖေ့ကို ပရိတ်ရွတ်နေတာတွေမြင်တယ် ၊ အဖေ့ကို သင်္ဂြိုဟ်ခါနီးပုံတွေ မြင်တယ်၊ အဖေ့ကိုကောင်းကောင်းမမြင်ရဘူး ၊ အဖေ့ကို သင်္ဂြိုဟ်စက်ထဲထည့်လိုက်တာတွေဘဲမြင်တယ်။ နောက်တစ်အုပ်ကို ဖွင့်ကြည့်လိုက်တဲ့အခါမှာ ငယ်ငယ်တုန်းက ကျွန်မရင်ထဲမှာ စွဲစွဲမြဲမြဲမှတ်ထားတဲ့ အဖေ့ရဲ့မျက်နှာက ဓာတ်ပုံစာအုပ်ထဲက မျက်နှာနဲ့မတူတော့ဘူး။ ကျွန်မ မမှတ်မိတာမဟုတ်ပါဘူး။ မမှတ်မိစရာကောင်းလောက်အောင် အဖေ့မျက်နှာက ပြောင်းနေခဲ့တာပါ။ သေသေချာချာစိုက်ကြည့်မှ ကျွန်မအဖေပါလားဆိုတာ ပေါ်လာတယ်။ စိတ်မကောင်းဘူး ၊ ခွဲစိတ်လိုက်တာနဲ့ ကျွန်မအဖေမျက်နှာကဘာကြောင့် ပြောင်းသွားရတာလဲ။ ကျွန်မ အဖေမဟုတ်ဘူးလို့ စိတ်ထဲမှာ အခါခါငြင်းနေပေမဲ့ ဦးလေးသယ်လာတဲ့အဖေ့ရဲ့ဓာတ်ပုံစာအုပ်ဖြစ်နေမှတော့ အဖေဘဲဖြစ်နေမှာပါ။ ဆေးရုံကုတင်မှာ ငြိမ်သက်စွာနဲ့လဲလျောင်းနေတဲ့ အဖေကိုကြည့်ပြီး အဖေတော်တော်နာကျင်ခဲ့မှာဘဲနော်။။ အဖေကတော့ ဘယ်သိတော့မှာလဲလေ။

ဖခင်တစ်ယောက်ရဲ့ချစ်ခြင်း မေတ္တာကို အရွယ်ရောက်လာလေလေ ၊ ပိုပြီး တောင့်တလေလေပါဘဲ။
အဖေကြောင့် ကျွန်မတို့ တရားထူး ၊ တရားမြတ်တွေ ရခဲ့တယ်။
ကျေးဇူးတင်ပါတယ် ဖေဖေ။
ကောင်းရာဘုံဘဝမှာ ပျော်ရွှင်နေပါစေ ဖေဖေ။

ခင်မင်စွာဖြင့်
ရွှေယွန်းဝါ
11 Sep 2013

Tuesday, September 03, 2013

*MY BLOG NAME*

0 comments
လွန်ခဲ့သော လေးနှစ်က ဒီနာမည်လေးနှင့် Blog တစ်ခုဖွင့်ခဲ့ဖူးပါတယ်။ ကျန်းမာရေးအရ ဆက်မရေးဖြစ်တော့ပေမဲ့ ဒီနာမည်လေးနဲ့ ခုတခါပြန်လည်ဖွင့်ဖြစ်ပါတယ်။  "ရွှေယွန်းဝါ" နာမည်လေးနှင့်ဖွင့်ဖြစ်ခဲ့သော အကောင့်သည် ပတ်စဝတ် မေ့နေသောကြောင့် ဘယ်လိုမှ ဝင်၍မရနိုင်တော့ပါ။ ပတ်စဝတ် ပြန်ယူရန်ကြိုးစားသော်လည်း ပေးထားသော ဖုန်းနံပတ်မှာ ယခုအခါ မသုံးတော့သောကြောင့် ဒီတိုင်း ထိုင်ကြည့်ရုံမှတပါး ဘာမှလုပ်ယူလို့မရတော့ပါ။

လရိပ်အိမ်ဆိုတဲ့ BLOG ကိုလဲ ပိတ်ဖို့အစီအစဉ်မရှိပါဘူး။ ပိတ်လိုက်ရင် ရင်ဘတ်ထဲကထွက်ကျလာတဲ့ ကဗျာလိုလိုစာသားလေးတွေကို မမြင်ရတော့ဘဲရှိနေမှာ ၊ နောက်တစ်ခုက အိမ်ထဲမှာ လာပြီးအားပေးကြတဲ့ မိတ်ဆွေတွေရဲ့ တန်ဖိုးထားရတဲ့ကွန်မန့်လေးတွေ မပျောက်သွားချင်ပါဘူး။ ကဗျာရေးတဲ့အခါကျတော့ "လရိပ်အိမ်" နဲ့ဘဲ ရေးပါမယ်။



ခင်မင်စွာဖြင့်
ရွှေယွန်းဝါ
3 Sep 2013