Sunday, August 31, 2014

ဘလော့ဒေးအမှတ်တရ ဘလော့ဂါဘဝ


ဘလော့ဂါ ရေစီးကြောင်းထဲ စဝင်ခဲ့သည်မှာ နှစ်အနည်းငယ်တော့ကြာခဲ့ပြီ။ တီတင့်နှင့်တွေ့ပြီးတည်းက စာတွေမရေးဖြစ်ခဲ့သည်မှာလဲ တော်တော်ကြာခဲ့ပြီ။ တီတင့်ကြောင့်မဟုတ်ပါ။ ဘယ်သူ့ကြောင့်မှလဲ မဟုတ်ပါ။ ကိုယ့်ကြောင့်သာဘဲဖြစ်သည်။ 
ဘလော့ဂါ ဘဝကို ကျွန်မပျော်ပါသည်။ ဘလော့တစ်ခုကို ပိုင်ဆိုင်ရတာကိုလဲ ပျော်ပါသည်။ ကျွန်မစာအုပ်ထဲမှာ ဟိုတဝက် ဒီတဝက် ရေးသားထားသောစာများလဲ ရှိပါသည်။ ဘယ်ဟာမှ ပြီးပြတ်အောင် မရေးနိုင်သဖြင့် ဘာစာမှမတင်နိုင်ဖြစ်နေရသည်။ နောက်တစ်ခုကို ဝန်ခံပါရစေ ၊ ကျွန်မ မြန်မာဖောင့်မရိုက်တတ်ပါ။ ခုမြင်နေရတာ မြန်မာဖောင့်မဟုတ်ဘူးလား ဟု စောဒကတက်စရာရှိသည် ၊ ကျွန်မ ဘားဂလစ်နှင့်ရိုက်ခြင်းဖြစ်သည်။ ကျွန်မနှင့်ခင်သော ဘလော့ဂါ မိတ်ဆွေများက ဒါတော့မဟုတ်သေးဘူး ငါ့ညီမ ၊ မြန်မာဖောင့်ကိုရိုက်တတ်အောင်ကြိုးစားပါတဲ့။ ကျွန်မ ပထမတော့ ဇော်ဂျီဖောင့်လက်ကွက်ပုံကို အွန်လိုင်းကယူပြီး ပရင့်ထုတ်သေးသည် ၊ ကျင့်သည် ၊ ဘာတွေလွဲချော်မှုဖြစ်နေသည်ကိုမသိ ၊ ကျွန်မ ကွန်ပြူတာမှာ သွင်းထားတာနှင့် လက်ကွက်ပုံ တူညီမှုမရှိဖြစ်နေပြီး ကျွန်မတိုင်ပတ်နေသည်။ နောက်ဆုံးတော့ ဘားဂလစ်နှင့်ရိုက်တာက ပိုမြန်သေးသည်။ အင်တာနက်မရှိသောအရပ်မှာရောက်နေလျှင် ကျွန်မစာရေးလို့ရမည်မထင်ပါ။ အဲဒီတော့ ကျွန်မ မြန်မာဖောင့်ကိုလေ့လာရပေဦးမည်။ :)

အရင်တုန်းက ဘလော့ရွာလေးဟာ တော်တော်စည်ကားပေမဲ့ ခုချိန်မှာတော့ ခြောက်ကပ်ကပ်ရယ်။ ပုံမှန်ရေးနေသူများလဲ ရှိနေသေးပါတယ်။ ကျွန်မကတော့ အလုပ်စဝင်ပြီးတည်းက မရေးနိုင်တော့တာပါ။ တနေ့ကို ၁၂နာရီလောက် လုပ်ငန်းခွင်ထဲမှာ လုပ်ရပြီး အသွားက တစ်နာရီ ၊ အပြန်က တစ်နာရီလောက်ရှိပါတယ်။ တစ်ခါတစ်လေ စောပြန်ဖြစ်လဲ အမေနဲ့စကားတွေပြောနေဖြစ်တာက များတယ်။ ကိုယ်အလုပ်သွားရင် အမေတစ်ယောက်ထဲကျန်ခဲ့တာဆိုတော့ သူလဲပျင်းနေရှာမှာပေါ့လို့ ထင်ရင်မှားသွားမယ်။ သူ့မှာလဲ အိမ်အလုပ်တွေ တသီတတန်းနဲ့ ကျွန်မညပြန်လာတဲ့အချိန်လေးဘဲ တခဏ စကားပြောပြီး အမေက ကန်ဒီခရက်(ရှ) ဆိုတဲ့ ဂိမ်းလေးဆော့ ၊ ကျွန်မက ဖဘထဲ ခဏဝင်ကြည့်ရင်း အိပ်ပျော်သွားတဲ့ညတွေက ရေတွက်လို့မရနိုင်တော့ဘူး။ 

ခုနောက်ပိုင်း ဒီမှာ အလုပ်တွေကလဲ ရှာရခက်လာတယ်။ ပွဲစားတွေနဲ့ခြောက်လ စာချုပ်ချုပ်ပြီး လုပ်ရတဲ့ အလုပ်တွေတော်တော်များလာတယ်။ အိုဗာတိုင် ဆင်းကိုဆင်းရမယ် ၊ မဆင်းနိုင်ရင် သူတို့က မခေါ်ဘူး။ ကျွန်မက ညကျောင်းတက်နေသူဆိုတော့ အင်တာဗျူးရင် အမြဲအလုပ်မရတာက များတယ်။ ခုဒီအလုပ်က အထက်လူကြီးနဲ့ညှိနှိုင်းမှုယူထားတယ်။ အထက်လူကြီးက ကျောင်းပေးတက်မယ် ၊ ဒါပေမဲ့ နွေရာသီ ကျောင်းပိတ်ရက်နဲ့ ဆောင်းရာသီကျောင်းပိတ်ရက်တွေ အိုဗာတိုင်ဆင်းကိုဆင်းပေးရမယ်။ 

ကျန်းမာရေးကလဲ သူများတွေလို ဒေါင်ဒေါင်မြည်ကောင်းတာမဟုတ်လေတော့ အလုပ်တဖက် ၊ ကျောင်းတဖက် ၊ ကျန်းမာရေးတဖက်နဲ့လွန်ဆွဲနေပြန်တယ်။ စာရေးတာလဲ တစ်ပတ်တစ်ခါလောက် မရေးရင်ဖြင့် တစ်လတစ်ခါလောက်တော့ ရေးသင့်ပါတယ်လို့ ကိုယ့်ကိုယ်မြင်တာပါ ၊ ဒါပေမဲ့လဲလေ ပိတ်ရက်တွေမှာ အမေနဲ့အပြင်ထွက်နေတာကများတယ်။ :D

ခုလဲ လက်ကရောင်နေပြန်တယ် ၊ ဘာကြောင့်ရယ်လို့ဆိုတာ နားမလည်ဘူး။ ကျန်းမာရေးတဖက်နဲ့ အလုပ်လုပ်ရတာကတော့ တော်တော်ခံစားရခက်တဲ့ ခံစားမှုတစ်ရပ်ပါဘဲ။ ဒီလိုဘဲ ခံနိုင်ရည်ရှိအောင် ဘဝကို ကြိုးစားအားတင်းရင်း  လျှောက်လှမ်းနေပါတယ်။ 

စာလေးတစ်ပုဒ်ထွက်လာအောင်တဂ်ပေးသော တီတင့်အား အထူးကျေးဇူးတင်ပါသည်။ 

ဘလော့ဒေးမှာ အားလုံးကျန်းမာပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးရင်း ........

ခင်မင်စွာဖြင့်
ရွှေယွန်းဝါ
31 Aug 2014

5 comments:

ရင်ငြိမ်းသူ (Yin Nyein Thu) said...

အမှတ်တရစာစုလေးကို ဖတ်သွားတယ်.. ကျန်းမာရေးလည်း ဂရုစိုက်ပါနော်။

blackroze said...

ပစ်လာသွားတယ်လရိပ်..

စံပယ်ချို said...

ရွှေယွန်ဝါဆိုလို့ ဘလော့ဂါအသစ်လေးထင်နေတာ
အကြီးကြီးကိုမှားသွားခဲ့တာပဲ လရိပ်ရေ
ခုမှပဲ လရိပဆိုတာသေချာလေးသိလိုက်ရတယ်
လရိပ်လဲ မဂျီးကို ပြောမထားဘူးလေ-----လင့်တောင်မချိပ်ရသေးဘူး ကျန်းမာရေးကိုသာ အထူးဂရုစိုက်ပါ
ကျန်းမာမှ ကိုယ်ဖြစ်ချင်တာတွေကို လုပ်လို့ရတာလေ
ချစ်တဲ့ jas

Aunty Tint said...

တီတင့်ခြေရာချန်ခဲ့တဲ့ ကွန်မန့်လေး ဘယ်ရောက်သွားပါလိမ့်။ တီတင့်ရှိရာ ရွှေလင်းယုန်ကို အရောက်လာခဲ့တဲ့ ဖြူဖြူသေးသေးသွယ်သွယ် ချစ်စရာကောင်မလေးကို အမြဲသတိတရရှိနေပါတယ်။ လူတိုင်းမှာ ခေါင်းစဉ်မတူတဲ့ အခက်အခဲတွေ ရှိကြတာ ဓမ္မတာပေါ့ကွယ်။ ဒီကြားထဲမှာ ခံယူချက်လေး ပျောက်ပျက်မသွားဘို့သာ အရေးကြီးပါတယ်။

မိုးညချမ်း said...

ဟုတ်ပ … ခုတစ်လော မမပျောက်နေတယ် …