Showing posts with label တဂ်ပိုစ့်. Show all posts
Showing posts with label တဂ်ပိုစ့်. Show all posts

Sunday, August 31, 2014

ဘလော့ဒေးအမှတ်တရ ဘလော့ဂါဘဝ

5 comments

ဘလော့ဂါ ရေစီးကြောင်းထဲ စဝင်ခဲ့သည်မှာ နှစ်အနည်းငယ်တော့ကြာခဲ့ပြီ။ တီတင့်နှင့်တွေ့ပြီးတည်းက စာတွေမရေးဖြစ်ခဲ့သည်မှာလဲ တော်တော်ကြာခဲ့ပြီ။ တီတင့်ကြောင့်မဟုတ်ပါ။ ဘယ်သူ့ကြောင့်မှလဲ မဟုတ်ပါ။ ကိုယ့်ကြောင့်သာဘဲဖြစ်သည်။ 
ဘလော့ဂါ ဘဝကို ကျွန်မပျော်ပါသည်။ ဘလော့တစ်ခုကို ပိုင်ဆိုင်ရတာကိုလဲ ပျော်ပါသည်။ ကျွန်မစာအုပ်ထဲမှာ ဟိုတဝက် ဒီတဝက် ရေးသားထားသောစာများလဲ ရှိပါသည်။ ဘယ်ဟာမှ ပြီးပြတ်အောင် မရေးနိုင်သဖြင့် ဘာစာမှမတင်နိုင်ဖြစ်နေရသည်။ နောက်တစ်ခုကို ဝန်ခံပါရစေ ၊ ကျွန်မ မြန်မာဖောင့်မရိုက်တတ်ပါ။ ခုမြင်နေရတာ မြန်မာဖောင့်မဟုတ်ဘူးလား ဟု စောဒကတက်စရာရှိသည် ၊ ကျွန်မ ဘားဂလစ်နှင့်ရိုက်ခြင်းဖြစ်သည်။ ကျွန်မနှင့်ခင်သော ဘလော့ဂါ မိတ်ဆွေများက ဒါတော့မဟုတ်သေးဘူး ငါ့ညီမ ၊ မြန်မာဖောင့်ကိုရိုက်တတ်အောင်ကြိုးစားပါတဲ့။ ကျွန်မ ပထမတော့ ဇော်ဂျီဖောင့်လက်ကွက်ပုံကို အွန်လိုင်းကယူပြီး ပရင့်ထုတ်သေးသည် ၊ ကျင့်သည် ၊ ဘာတွေလွဲချော်မှုဖြစ်နေသည်ကိုမသိ ၊ ကျွန်မ ကွန်ပြူတာမှာ သွင်းထားတာနှင့် လက်ကွက်ပုံ တူညီမှုမရှိဖြစ်နေပြီး ကျွန်မတိုင်ပတ်နေသည်။ နောက်ဆုံးတော့ ဘားဂလစ်နှင့်ရိုက်တာက ပိုမြန်သေးသည်။ အင်တာနက်မရှိသောအရပ်မှာရောက်နေလျှင် ကျွန်မစာရေးလို့ရမည်မထင်ပါ။ အဲဒီတော့ ကျွန်မ မြန်မာဖောင့်ကိုလေ့လာရပေဦးမည်။ :)

အရင်တုန်းက ဘလော့ရွာလေးဟာ တော်တော်စည်ကားပေမဲ့ ခုချိန်မှာတော့ ခြောက်ကပ်ကပ်ရယ်။ ပုံမှန်ရေးနေသူများလဲ ရှိနေသေးပါတယ်။ ကျွန်မကတော့ အလုပ်စဝင်ပြီးတည်းက မရေးနိုင်တော့တာပါ။ တနေ့ကို ၁၂နာရီလောက် လုပ်ငန်းခွင်ထဲမှာ လုပ်ရပြီး အသွားက တစ်နာရီ ၊ အပြန်က တစ်နာရီလောက်ရှိပါတယ်။ တစ်ခါတစ်လေ စောပြန်ဖြစ်လဲ အမေနဲ့စကားတွေပြောနေဖြစ်တာက များတယ်။ ကိုယ်အလုပ်သွားရင် အမေတစ်ယောက်ထဲကျန်ခဲ့တာဆိုတော့ သူလဲပျင်းနေရှာမှာပေါ့လို့ ထင်ရင်မှားသွားမယ်။ သူ့မှာလဲ အိမ်အလုပ်တွေ တသီတတန်းနဲ့ ကျွန်မညပြန်လာတဲ့အချိန်လေးဘဲ တခဏ စကားပြောပြီး အမေက ကန်ဒီခရက်(ရှ) ဆိုတဲ့ ဂိမ်းလေးဆော့ ၊ ကျွန်မက ဖဘထဲ ခဏဝင်ကြည့်ရင်း အိပ်ပျော်သွားတဲ့ညတွေက ရေတွက်လို့မရနိုင်တော့ဘူး။ 

ခုနောက်ပိုင်း ဒီမှာ အလုပ်တွေကလဲ ရှာရခက်လာတယ်။ ပွဲစားတွေနဲ့ခြောက်လ စာချုပ်ချုပ်ပြီး လုပ်ရတဲ့ အလုပ်တွေတော်တော်များလာတယ်။ အိုဗာတိုင် ဆင်းကိုဆင်းရမယ် ၊ မဆင်းနိုင်ရင် သူတို့က မခေါ်ဘူး။ ကျွန်မက ညကျောင်းတက်နေသူဆိုတော့ အင်တာဗျူးရင် အမြဲအလုပ်မရတာက များတယ်။ ခုဒီအလုပ်က အထက်လူကြီးနဲ့ညှိနှိုင်းမှုယူထားတယ်။ အထက်လူကြီးက ကျောင်းပေးတက်မယ် ၊ ဒါပေမဲ့ နွေရာသီ ကျောင်းပိတ်ရက်နဲ့ ဆောင်းရာသီကျောင်းပိတ်ရက်တွေ အိုဗာတိုင်ဆင်းကိုဆင်းပေးရမယ်။ 

ကျန်းမာရေးကလဲ သူများတွေလို ဒေါင်ဒေါင်မြည်ကောင်းတာမဟုတ်လေတော့ အလုပ်တဖက် ၊ ကျောင်းတဖက် ၊ ကျန်းမာရေးတဖက်နဲ့လွန်ဆွဲနေပြန်တယ်။ စာရေးတာလဲ တစ်ပတ်တစ်ခါလောက် မရေးရင်ဖြင့် တစ်လတစ်ခါလောက်တော့ ရေးသင့်ပါတယ်လို့ ကိုယ့်ကိုယ်မြင်တာပါ ၊ ဒါပေမဲ့လဲလေ ပိတ်ရက်တွေမှာ အမေနဲ့အပြင်ထွက်နေတာကများတယ်။ :D

ခုလဲ လက်ကရောင်နေပြန်တယ် ၊ ဘာကြောင့်ရယ်လို့ဆိုတာ နားမလည်ဘူး။ ကျန်းမာရေးတဖက်နဲ့ အလုပ်လုပ်ရတာကတော့ တော်တော်ခံစားရခက်တဲ့ ခံစားမှုတစ်ရပ်ပါဘဲ။ ဒီလိုဘဲ ခံနိုင်ရည်ရှိအောင် ဘဝကို ကြိုးစားအားတင်းရင်း  လျှောက်လှမ်းနေပါတယ်။ 

စာလေးတစ်ပုဒ်ထွက်လာအောင်တဂ်ပေးသော တီတင့်အား အထူးကျေးဇူးတင်ပါသည်။ 

ဘလော့ဒေးမှာ အားလုံးကျန်းမာပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးရင်း ........

ခင်မင်စွာဖြင့်
ရွှေယွန်းဝါ
31 Aug 2014

Saturday, October 26, 2013

ကျန်းမာဘေးကင်းရောဂါရှင်း

1 comments

အမ မဒမ်ကိုးက ဒီ ပိုစ့်လေးကို ရေးပေးပါလို့ပြောတာ ကြာခဲ့ပြီ။ အမ မဒမ်ကိုးက နိဒါန်းဘဲရေးထားတာဆိုဘဲ။ နိဒါန်းက အရမ်းပြည့်စုံနေတော့ ဘာထပ်ရေးရမှန်းတောင်မသိတော့တာ။  အမ မဒမ်ကိုး ကိုညီလင်းသစ် မအိမ့်ချမ်းမြေ့ ၊ သူတို့တွေရဲ့ ဘလော့ထဲမှာ သွားဖတ်ရင် တော်တော်လေးကို စုံစုံလင်လင် သိနေရပါပြီ။ တခြားရေးသားထားသော blogger များလဲရှိရင်ရှိအုန်းမှာပါ။ ကျွန်မက သုံးယောက်လောက်ဘဲဖတ်ပြီး ဘယ်ဘလော့ကိုမှမသွားဖြစ်တာပါ။ အမမဒမ်ကိုး ရေးခိုင်းတဲ့ပိုစ့်က ကျန်းမာရေးနဲ့ပတ်သက်ရင်လဲ ရေးလို့ရတဲ့စာဆိုတော့ ကျန်းမာရေးနဲ့ပတ်သက်တာဘဲ ရေးသွားပါမယ်။ 

ငါးပိနဲ့ပတ်သက်တဲ့ ယူရီးယားကို ဘာမှန်းတောင်မသိလို့ ခုနလေးကမှ ကိုညီလင်းသစ်ဆီကဖတ်ပြီးပြန်လာတာပါ  ( ခုနလေးလို့ရေးထားတာ ကိုညီလင်းသစ်စာတင်တဲ့အချိန်က ရေးထားတာဆိုတော့ ဒီစာကို တဝက်ရေးထားပြီး ခုမှထပ်ရေးဖြစ်တာပါ, နောက်ရက်ကျ ကွန်မန့်ပြန်လာရေးမယ်ဆိုပြီး သွားမရေးဖြစ်ဘူး )။ စက်တင်ဘာလောက်တည်းက ကျွန်မရဲ့ကွန်မန့်မှာ အမမဒမ်ကိုးက ဒီလိုရေးခဲ့တယ် "အမရေးတဲ့ပိုစ့်က ဘလော့ဂါတွေအကုန်လုံးကိုတဂ်တဲ့ပိုစ့်ဖြစ်ပါတယ် ကြိုက်တဲ့အမြင်ကြိုက်တဲ့ရှု့ထောင့်ကနေ ပြည်သူတွေအတွက်ရေးပေးနိုင်ပါတယ်" ။ 

ဒီပိုစ့် လေးကိုရေးထားတာ အကြာကြီးရှိခဲ့ပြီ။ အလုပ်တွေအရမ်းရှုပ်နေတာကြောင့် ဘာပိုစ့်မှမတင်ဖြစ်နိုင်တာပါ။ အိမ်လေးကို ဒီအတိုင်းပစ်ထားရတာ ၊ ဘလော့ဂါမိတ်ဆွေတွေဆီမသွားဖြစ်တာ တော်တော်ကြာသွားခဲ့ပြီ။ 
ဟိုးရက်ကတည်းက ( ဟိုးရက်ဆိုတာကလဲ ကြာခဲ့ပြီ ) အမမဒမ်ကိုး ရဲ့ ဖေ့ဘုတ်မှာတွေ့ပါတယ်။ သူ့ရဲ့တဂ်ပိုစ့်ကို ဘယ်သူမှမရေးပေးကြဘူးတဲ့။ ကျွန်မသိထားတဲ့ကျန်းမာရေးနဲ့ပတ်သက်တာ နဲနဲဘဲရေးဖို့ရှိပါတယ်။ အစက နဲနဲလေးဆိုတော့ မရေးတော့ဘူးလားလို့ ၊ အမမဒမ်ကိုးက ဖေ့ဘုတ်မှာ အဲလိုရေးလိုက်လို့စိတ်မကောင်းဖြစ်သွားတာပါ။ ကျွန်မ ခုရေးမဲ့ဟာက သိပြီးတဲ့သူရှိသလို မသိတဲ့သူ ရှိမရှိ မသိပါဘူး။ ဒီကသတင်းကနေ အနည်းငယ်သိထားတာလေးကို ပြန်လည်ဝေမျှတာပါ။ 

ပုလဲလက်ဖက်ရည် နဲ့ ဝက်အူချောင်း တူတူမစားသောက်ရပါ။ ကင်ဆာ သို့မဟုတ် နောက်မွေးလာမဲ့မျိုးဆက်မှာ ကိုယ်အင်္ဂါချို့ယွင်းတာတို့ ဖြစ်နိုင်ပါတယ်။

ရေနွေးနဲ့အလွယ်တကူဖြောစားတဲ့ ခေါက်ဆွဲထုပ် တတ်နိုင်သမျှရှောင်ပါ။ တချို့က အလုပ်မအားလို့ အလွယ်တကူစားသလို တချို့ကျတော့ ဒါလေးစားရင် ထမင်းစားတာလောက် ဝိတ်မတက်ဘူးလို့ မထင်ကြပါနဲ့။ အသင့်စား ခေါက်ဆွဲထုပ်တွေဟာ ကယ်လိုရီ ၅၀၀ ကျော်ပါတယ်။ မပုပ်မသိုးဆေးတွေထည့်ထားတဲ့အတွက် မစားရင်အကောင်းဆုံးပါဘဲ။  ကိုရီးယားတံဆိပ်ပါတဲ့ ခေါက်ဆွဲထုပ်တွေဟာ ကင်ဆာဖြစ်နိုင်တယ်လို့ ဒီကသတင်းမှာကြေညာထားပြီးဖြစ်ပါတယ်။ အနီရောင်အိတ်ပေါ်မှာ အမဲရောင် တရုတ်စာလုံးတစ်လုံးနဲ့ကိုရီးယားစာလုံးရေးထားပါတယ်။ ကိုဏီရေးထားတဲ့စာထဲကလို သူတို့ရောင်းအားကျသွားလို့ လိုက်ဖမ်းရင်တော့ မပါဘူးနော်။ သိပ်စားကောင်းတယ်လို့ပြောကြတယ်။ တစ်ခါမှ မစားဖူးဘူး။ ဈေးကတော့ကြီးရှာတယ်။ အဆင်သင့်ခေါက်ဆွဲထုပ်ကို မဖြစ်မနေစားရတော့မယ်ဆိုရင် ရေဆူဆူနဲ့ပထမပြုတ်လိုက်တဲ့အရည်ကို သွန်လိုက်ပါ။ ပြီးမှ နောက်ထပ်ရေပူအသစ်ထည့်ပြီး သူ့အထဲကပါတဲ့အထုပ်တွေကို အကုန်ထည့်မစားပါနဲ့၊ ဆီတွေလဲမစားပါနဲ့။ စားနည်းလေးပြောပြတာပါ။ 

အမှန်တော့ အရံသင့် စားလို့ရတဲ့ပစ္စည်းတွေကို ဖြစ်နိုင်ရင် လုံးဝမစားဖို့ အကြံပြုပါရစေ။

GAS ပါတဲ့ဖျော်ရည်တွေက သောက်ရင်နဂိုတည်းက မကောင်းဘူးလို့ ပြောပြီးသား ၊ တော်တော်များများလဲ သိကြမှာပါ။ သိကြသလို ကြိုက်လဲကြိုက်ကြပါတယ်။ GAS ပါတဲ့ဖျော်ရည်နဲ့ ပူရှိန်းမတဲ့ဘူးနော်။ ဒီလောက်မကောင်းဘူးပြောတာတောင် သောက်တဲ့သူတွေလဲ အများကြီးပါဘဲ။ ကျွန်မမသောက်ဘူးလားဆိုတော့ အရမ်းကြာမှတစ်ခါသောက်ပါတယ်။ အိမ်ကပေးမဝယ်တာ။ သောက်လဲ ၂၅၅ ml ကို လူ၃ယောက်လောက်ခွဲဝေပြီးသောက်ပါတယ်။ အကင်စာတွေဆိုတာ ကျန်းမာရေးနဲ့သိပ်ညီညွှတ်တဲ့အစာတော့မဟုတ်ဘူး။ အဲဒါကို အကင်စားပြီးတော့ အဲဒီ GAS ပါတဲ့ဖျော်ရည်သောက်ရင် ကင်ဆာဖြစ်နိုင်ပါတယ်။ ဒီမှာ လမုန့်ပွဲတော်ဆိုရင် အကင်စားကြတယ် ၊ စားပြီးရင် အဲဒီအရည်တွေသောက်ကြတယ်။ 

ပေါင်မုန့်နဲ့ပတ်သက်လို့ပြောရမယ်ဆိုရင် ပေါင်မုန့်နှစ်ချပ်စားရင် တနေ့တာစားသော ဆားပမာဏနဲ့ညီမျှတယ်ဆိုဘဲ။ 

အရင်တုန်းက စပျစ်သီးစားရင် အခိုင်လိုက်ကို ရေနဲ့သုံးခါလောက်ဆေးပြီးဖြုတ်စားတယ်။ ခုဒီကိုရောက်လာပြီးတည်းက အဒေါ်က အခိုင်လိုက်ကို အညှာကနေတစ်လုံးချင်း ကပ်ကြေးနဲ့ညှပ်ပြီး တစ်လုံးချင်းဆေးရတယ်။ ပိုးသတ်ဆေးကို ကြောက်လို့ပါ။ 

အရမ်းပူတဲ့နေရောင်ခြည်ထဲသွားရင် SPF ပါတဲ့အရည်မျိုးတွေဟာ အရေပြားကင်ဆာကိုကာကွယ်ပေးတယ်ဆိုပေမဲ့ နေ့တိုင်းလိမ်းမယ်ဆိုရင် အဲဒီအရည်တွေဟာကိုယ့်မှာရှိတဲ့ ကယ်လစီယမ်ကိုစုပ်ယူသွားပါတယ်။ ကယ်လစီယမ်ဓါတ်လိုချင်ရင် တနေ့ကို နာရီဝက်နေပူစာလှုံပေးပါ။ မနက် ၇နာရီ မှ ၉နာရီထိ နေက အသင့်တော်ဆုံးပါဘဲ။ တကြိမ်တည်း နာရီဝက်မလိုပါဘူး။ တနေ့ နာရီဝက်ပြည့်ရင်ရပါတယ်။

ဆံပင်ဆိုးဆေးနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင် ဆံပင်ဆေးဆိုးရင် ကျောက်ကပ်တော်တော်ထိတယ်လို့ပြောတယ်။ လွန်ခဲ့တဲ့၁၅နှစ်လောက်တည်းက အဒေါ်က ဆံပင်ဆေးမဆိုးရဘူးပြောတယ်။ လူငယ်ဘဲ ဆိုးချင်တာပေါ့။ ကျွန်မသူငယ်ချင်းက ဆေးအရမ်းဆိုးတယ်။ ကျွန်မလဲ ဆိုးချင်လို့သူငယ်ချင်းကို ဆိုးခိုင်းတာ အရောင်မထွက်ဘူး။ ဒီတစ်ခေါက်တော့ ဆိုင်မှာသွားဆိုးဖြစ်မယ်ထင်တယ်။ အိမ်မှာ ၂ခါကိုယ့်ကိုယ်ဆိုးတာ အရောင်မထွက်ဘူး။ ဆိုင်မှာမဆိုးဖူးသေးဘူး။ အမေကိုတော့ ခွင့်တောင်းထားတယ်။ ပေးဆိုးမယ်တဲ့။ ကျွန်မသူငယ်ချင်းက ခုမဆိုးတော့ဘူး။ ကိုယ်ဝန်ရှိရင်း ဆံပင်ဆေးဆိုးရင် ကလေးကို ထိခိုက်တယ်။ 

ပုလဲလက်ဖက်ရည်မှာပါတဲ့ ပုလဲလုံးလေးတွေကလဲ ဟိုတလောက ဒီမှာ ပြဿနာဖြစ်သေးတယ်။ ကော်မှုန့်ထဲမှာသင်္ဘောဆေးတွေထည့်သုံးထားတယ် လို့ သတင်းတွေထွက်လာပါတယ်။ ခုတစ်ခါ ဆီတွေမှာ ထပ်ပြဿနာဖြစ်နေပါတယ်။ နေကြာဆီ ၊ နှမ်းဆီ စသဖြင့် နာမည်တွေသာ တပ်ထားပေမဲ့ အထဲမှာပါတဲ့ဆီတွေက Mayonnaise လို့ခေါ်တဲ့ အရွက်တွေ ၊ ဟမ်ဘာဂါ တို့မှာစားတဲ့ဆီ (ကိုလက်စထရောတက်စေတဲ့အဆီ ၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့အဆီ) ၊ ဝါဂွမ်းဆီ( အဆိပ်ရှိတယ်လို့ပြောကြတယ် ) တွေကို ထည့်သုံးထားတယ်လို့ သတင်းမှာ တွေ့ရပါတယ်။ ငရုတ်ဆီဆိုရင်လဲ အရောင်တင်ထားတာကလွဲလို့ ဘာငရုတ်သီးမှမပါဘူးဆိုဘဲ။ အဲဒီလို ထုတ်လုပ်တဲ့အတွက် ပြည်သူတွေကို လျော်ကြေးတော့ ပေးရှာသား။ ကြားရသလောက်တော့ အနောက်နိုင်ငံတွေမှာ အဲလိုမျိုးလုပ်လို့ တရားစွဲခံရရင် သူဌေးတွေတဲထိုးပြီးသာနေလိုက်တော့ဘဲ။ လျော်ကြေးပေးတော့ လူတွေက အကောင်းတိုင်းပြန်ဖြစ်လာပါ့မလား။ နဂိုတည်းက သူများဒုက္ခရောက်အောင်မလုပ်နဲ့ပေါ့။

ကင်ဆာတွေ ၊ ရောဂါတွေ ဘာလို့ဒီလောက်များလာလဲ? ကိုယ်အမြတ်ရဖို့သာကြည့်ပြီး လုပ်ချင်တိုင်းလုပ်နေကြတဲ့ စားသောက်ကုန်ထုတ်လုပ်သူတွေကို အံ့ဩမိပါရဲ့။
ကြားရတဲ့သတင်းတွေက နားနဲ့မဆန့်တော့ဘူး။ 
အလုပ်များတဲ့သူတွေက အပြင်မှာဝယ်စားကြတယ်။ အပြင်မှာစားရင် ကျန်းမာရေးနဲ့မညီညွတ်ဘူးဆိုတော့ ခုအိမ်မှာချက်စားတော့လဲ ညီညွတ်သေးလို့လား။ အပြင်စာကတော့ အချိုမှုန့်အသားကုန်ပါတယ်နော်။ ဂျပန်တွေက ကျန်းမာရေးတအားလိုက်စားတယ် ၊ သူတို့ဆီက မြန်မာကိုသွင်းတဲ့ အချိုမှုန့်တွေ သူတို့မစားဘူးဆိုဘဲ။ 

တစ်ခုတော့ရှိပါတယ် ၊ အိမ်မှာချက်စားဖြစ်ရင် အချိုမှုန့်မစားဖြစ်ဘူး။ ဆီလျှော့စားဖြစ်တယ် ၊ ဒီဆီနဲ့ပြန်မချက်ဘူး ၊ အဲဒါပါဘဲ။ စားရတဲ့ပစ္စည်းကတော့ ဘယ်တံဆိပ်ကောင်းတယ်ဆိုတာ ဘယ်သူ့ကိုမှယုံလို့မရတဲ့ခေတ်ရောက်နေတယ်။ 
အရင်ခေတ်လူတွေက ပိုက်ဆံမရှိလို့ မစားရရှာဘူး ၊ ခုခေတ်လူတွေက ပိုက်ဆံရှိပေမဲ့လဲ အဆိပ်တွေ ကြီးဘဲ စားနေရ ၊ သောက်နေရတာပေါ့နော်။

လူသားအချင်းချင်း စာနာမှုတွေရှိလာပါစေလို့ဘဲ မျှော်လင့်ပါတယ်။


ခင်မင်စွာဖြင့်
ရွှေယွန်းဝါ
26 OCT 2013